သာစည် နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်မြစိမ်းရောင်စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်ရန် ကျေးရွာများကို အခြေခံစံသတ်မှတ်ချက်များနှင့်အညီ ယနေ့ နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြောင်းသိရသည်။
စီမံကိန်းကျေးရွာများ ရွေးချယ်ရေး ဆွေးနွေးညှိနှိုင်းပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်တို့က အမှာစကားများပြောကြားပြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးကျော်စိုးကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းနှင့် မြစိမ်းရောင်စီမံကိန်းကျေးရွာများ၏ရွေးချယ်ရမည့် အခြေခံ စံသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက်တက်ရောက်လာသော တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကျေးရွာ (VDP) ၁၅ ရွာနှင့်မြစိမ်းရောင် စီမံကိန်းကျေးရွာ ၂ ရွာတို့ကို အခြေခံစံသတ်မှတ်ချက်များနှင့်အညီဆွေးနွေးညှိနှိုင်းရွေးချယ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ ၃၉ ယူနစ်ကျေးရွာ ၄၆ ရွာ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိကျေးရွာ ၃၅ ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)