ဘားအံမြို့တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဘားအံ နိုဝင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စိစစ်ခြင်းနှင့်ပတ်သက်၍ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်၁၁နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောသိန်းကြည်က ရွေးကောက်ပွဲ တစ်လျှောက် ကျရာတာဝန်များကို ထမ်းဆောင်ပေးခဲ့ကြသည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ယခုပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းစိစစ်ခြင်းလုပ်ငန်းဖြစ်ပြီး ခရိုင်ကော်မရှင်အဖွဲ့ခွဲ၏ နောက်ဆုံးလုပ်ငန်းဖြစ်သည့် အတွက် အားလုံး ပူးပေါင်းပါဝင်ပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်းက ဘားအံခရိုင်အတွင်း လွှတ်တော်(၃)ရပ်တွင်  လွှတ်တော်ကိုယ်စားလှယ်(၇၉)ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးချယ်တင်မြှောက်ခြင်းခံရသော လွှတ်တော် ကိုယ်စားလှယ်အမည်များကို ကြေငြာသည့်နေ့မှစ၍ ရက်ပေါင်း(၃၀)အတွင်း ရွေးကောက်ပွဲကုန်ကျ စရိတ်စာရင်းများကို ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ကြသည့် ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲနည်း ဥပဒေပါ ပုံစံ(၂၀)ဖြင့် တင်သွင်းရမည်ဖြစ်၍ ရွေးကောက်ပွဲကုန်ကျစရိတ် စိစစ်ခြင်းလုပ်ငန်းကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်ဖြစ်သည့်  ခရိုင်စာရင်းစစ်မှူးမှ ဦးဆောင်၍ အဖွဲ့လိုက်စိစစ်ခြင်းလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်လာကြသော ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)