ကျောက်ဆည်၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြား ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသော အမိန့်အမှတ် (၁၄၇/၂၀၂၀)အား ပြည်သူများ တိကျစွာလိုက်နာစေရေး ယမန်နေ့ ည(၇)နာရီခွဲ အချိန်က ဈေးတန်းရပ်ကွက်ရှိပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနိုင်ဌေးနှင့် ရပ်မိ၊ ရပ်ဖများမှ အသံချဲ့ စက်ဖြင့် လိုက်လံကြေညာပေးလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါ အမိန့်ကြေညာချက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကိုဗစ်-၁၉ရောဂါအား ကမ္ဘာကပ်ရောဂါ တစ်ခုအဖြစ်သတ်မှတ်ကြေညာခဲ့ပြီးနောက် ကိုဗစ်-၁၉ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ကာ ပြည်သူများ မိမိအိမ်တွင်နေထိုင်ပြီး အဖြစ်မနေ နေအိမ်ပြင်ပသို့ သွားရောက်သည့်အခါ နှာခေါင်းစည်းများတပ်ဆင်ပြီးမှ နေအိမ်ပြင်ပထွက်စေရေး၊ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လူများစုဝေးခြင်းမပြုလုပ်ရန် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈) ရက်နေ့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးမြောက်ပြီဖြစ်သော်လည်း လူစု၊ လူဝေး ပြုလုပ် ခြင်းများ ရှိနေ သည်ကို တွေ့ရသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၁၀)ရက်နေ့တွင် အမိန့်အမှတ် (၁၄၇/၂၀၂၀)ဖြင့် ထပ်မံထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရေး စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စု၊ကျေးရွာပေါင်း (၂၂၃)ရွာရှိကြောင်း သိရှိရပြီး ပြည်သူများ အနေဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ကြေညာထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် လူစုလူဝေးမပြုလုပ်ကြရန် မေတ္တာရပ်ခံ ပန်ကြားထားကြောင်း သိရှိရသည်။
သက်မောက်(ကျောက်ဆည်)