ပိုင်ကျုံ၊ နို၀င်ဘာ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအကြောင်း သိကောင်းစရာများနှင့်ပတ်သက်ပြီး ပြည်သူများသိရှိနိုင်စေရန် ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒု-ဦးစီးမှူး ဒေါ်နော်ခူးခူးက သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပိုင်ကျုံမြို့ သစ်တောဦးစီးဌာန တောခေါင်း ဦးစောသန်းအောင်က “ကမ္ဘာကြီးပူနွေးလာရခြင်းအကြောင်းအရင်း၏ (၉၀%) သည် လူသားများပယောဂကြောင့်ဖြစ်ပြီး ကမ္ဘာ့လူဦးရေတိုးပွားလာသည်နှင့်အမျှ နေထိုင်မှုအတွက် တည် ဆောက်ခြင်းလုပ်ငန်းများကြောင့် သစ်တော၊ သစ်ပင်များခုတ်လှဲလျက်ရှိရာ သဘာ၀ပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်း ပျက်ဆီးလာခဲ့ရပါတယ်၊ သဘာ၀ပတ်၀န်းကျင်ပျက်ဆီးလာသည်နှင့်အမျှ ရာသီဥတုဖောက်ပြန်လာပြီး မြေပြိုခြင်း၊ တောမီးလောင်ခြင်းစသော ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရမှာဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်နှစ်တိုင်း သစ်ပင်များစိုက်ပျိုးလျက်ရှိပြီး ပြည်သူ များအနေဖြင့် ပူးပေါင်ပါ၀င်၍ စိုက်ပျိုးစေလိုကြောင်း သို့မှသာ ကမ္ဘာကြီး၏ လိုအပ်နေသော အောက်ဆီဂျင်နှင့် လေကောင်းလေသန့်များ ပိုမိုရရှိမည်ဖြစ်ကြောင်း" ရှင်းလင်းဆွေးနွေးခဲ့သည်။
ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူ့စာကြည့်တိုက် ခေတ္တပိတ်ထားသည့်အချိန်တွင် ပြည်သူများနှင့် ကလေးလူငယ်များအနေဖြင့် စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်းမရှိသော်လည်း Talk Show အစီအစဉ်၊ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ စက္ကူခေါက်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်နှင့် ပြည်သူများ သိသင့်သည့်အသိပညာပေးလုပ်ငန်းများ၊ ဒေသဆိုင်ရာသတင်းအချက်အလက်များကို IPRD Paingkyone Page နှင့် ပိုင်ကျုံမြို့ပြည်သူ့စာကြည့်တိုက် Pageတို့တွင် Online မှတစ်ဆင့် နေ့စဉ်ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရှိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)