ကျွန်းစု၊ နိုဝင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု(၂၃၈၄၅)အတွက် ငွေကျပ် သိန်းပေါင်း(၄၇၆၉)သိန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက ထောက်ပံ့ငွေများကို အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု(၂၇)စုရှိပြီး အိမ်ထောင်စု(၃၅၆၉၃)စုရှိ၍ အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၈၄၅) စုရှိပြီး လူဦးရေ စုစုပေါင်း(၁၂၀၃၇၆)ဦးရှိရာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် စုစုပေါင်း သိန်းပေါင်း (၄၇၆၉)သိန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီနှင့် တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများအလိုက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)