ပင်လောင်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု များအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများ ထပ်မံပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ ပင်မွန်းကျေးရွာအုပ်စု အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်အရောက် သွားရောက်ပေးအပ်ခဲ့သည်။
ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်စု ၃၃၈ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေ ကျပ် ၆၇၆၀၀၀၀ ကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပင်မွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း များက ကျေးရွာနေ ပြည်သူလူထုများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ ကျေးရွာအသီးသီးသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ထောက်ပံ့ငွေများကို ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက် ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းပိုင်(ပင်လောင်း)