မိုင်းဖြတ် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်းရှိမဲရုံများတွင် အသုံးမပြုဘဲ ကျန်ရှိနေသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ ၃ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် လွှဲပြောင်းပေးအပ်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ လွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဌေးတို့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်ထံ အသုံးမပြုဘဲ ကျန်ရှိနေသည့် KN-95 Mask ၊ PPE Coverall ၊ Goggles ၊ Latex Surgical glove(အရှည်)၊ Latex Surgical glove (အတို)၊ Surgical Gowns(level-2)၊ Surgical Gowns(level-3)၊ Boot ၊ Boot Cover စုစုပေါင်း ကာကွယ်ရေးလုပ်ငန်းသုံး (၉)မျိုးကို လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများသည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ မြို့နယ်အတွင်းရှိ မဲရုံပေါင်း ၃၉ရုံသို့ လာရောက်ကြသည့် မဲဆန္ဒရှင်ပြည်သူများသို့(အခမဲ့)ဝေငှခြင်း၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အသုံးပြုရန်အတွက် ဖြန့်ဝေထားခဲ့ပြီးဖြစ်ရာ အသုံးမပြုဘဲကျန်ရှိသည့် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)