ပွင့်ဖြူ နိုဝင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများက ဉယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်း အောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများထံမှ သိရသည်။
နဂါးမောက်သီးနှံ သည် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြကြောင်း သိရသည်။ နဂါးမောက်သီးနှံသည် ရာသီဉတု စိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းမှုရှိကြောင်း ၊ စိုက်ပျိုးပြီး (၁)နှစ် အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူး ရောင်းချရကြောင်း နှင့် တစ်နှစ်လျှင် (၅)ကြိမ်ခန့် အသီးသီးများ လှိုင်လှိုင်သီးကြောင်း ၊ ဈေးနှုန်းအနေဖြင့် အလုံးအကြီး ၊ အသေးပေါ် မူတည်ပြီး အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်း ရောင်းချရပြီး အလုံးသေးပါက (၃)လုံး ငွေကျပ် ၁၀၀၀ ဖြင့် ရောင်းချရ ကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြင့်မြင့် အေး ထံက သိရသည်။
နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ဂရုတစ်စိုက် ပြုစုပျိုးထောင် စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် အကွာအဝေး အနည်းဆုံး (၆)ပေအကွာ စိုက်ပျိုးလေ့ရှိကြောင်း ၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း ၊ စိုက်ပျိုးပြီး (၁)နှစ်အကြာတွင် နဂါးမောက်သီးများ စတင် ဆွတ်ခူးရကြောင်း ၊ နဂါးမောက်သီးနှံ တွင် အဖြူသီးနှင့် အနီးသီး ဟူ၍ (၂)မျိုးရှိပြီး နဂါးမောက်အဖြူသီးမှာ ပိုပြီးချို၍ အရသာရှိကြောင်းနှင့် အနီသီးမှာ ဆေးဖက်ဝင်ပြီး မှီဝဲစားသုံးပါက အစာချေဖျက်အားကောင်းပြီး ဆီး ၊ ဝမ်းမှန် စေသည့်အပြင် သွေးတိုး ၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း ၎င်းက ဆက်လက် ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )