ပေါက်ခေါင်းမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၅၀၄)စုတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်

ပေါက်ခေါင်း နိုဝင်ဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ခြင်းကို ယနေ့နံနက်  ၁၀  နာရီက ပေါက်ခေါင်းမြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား လတ်တလော အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀)နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော ရပ်ကွက်ကျေးရွာ အုပ်စု ၅၈ အုပ်စုမှ အိမ်ထောင်စု(၁၆၅၀၄)တို့အတွက် ငွေကျပ် (၃၃၀ ၀၈၀ ၀၀၀) ကို တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)