ရွှေဘိုခရိုင် ခင်ဦးမြို့နယ်၌ တောင်သူများ၏ ကျွဲ၊ နွားများ အရေပြားအကျိတ်နာရောဂါဖြစ်ပွား

ခင်ဦး  နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာကျေးရွာတွင် တောင်သူများ၏ ကျွဲ၊ နွားများ အရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease) ဖြစ်ပွားနေကြောင်း နိုဝင်ဘာလ ၁၂ ရက်နေ့ (ယနေ့)က မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။

ကျွဲ၊ နွားများ အကျိတ်အဖုထခြင်း၊ လည်ပတ်ရောင်ခြင်း၊ ခြေထောက်ရောင်ခြင်း ဖြစ်ပွားနေကြောင်းကို မူးသာကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမှ ဖုန်းဖြင့် မြို့နယ်မွေးမြူရေးဌာနသို့ အကြောင်းကြားလာသဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့က ဒုတိယဦးစီးမှူး ဒေါက်တာကောင်းမြတ်စိုးက သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေး မှူးနှင့်အတူ နွားများရောဂါဖြစ်ပွားနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆိုပါနွားများကို မွေး/ကုဌာနမှ အသိအမှတ် ပြုထားသူ မဟုတ်ဘဲ အရပ်ကုဖြင့် ကုသထားကြောင်း ပြောသဖြင့် မကုသခဲ့ရဘဲ တစ်ခြားတိရစာ္ဆန်များအား မကူးစက်ရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ပြောကြားခဲ့ကြောင်း ဒေါက်တာကောင်းမြတ်စိုးက ပြောသည်။

မူးသာကျေးရွာနှင့် အနီးတဝိုက်ကျေးရွာတို့တွင် တောင်သူများ၏ နွားကောင်ရေ (၂၀) ကျော်ထိ တိုး၍ ကူးစက်လာကြောင်း ဒေသခံ ကိုမင်းအောင်နိုင်က ပြောသည်။

ယခုဖြစ်ပွားနေသော ကျွဲ၊ နွားများ အရေပြား အကျိတ်နာရောဂါ (Lumpy Skin Disease)မှာ ယင်ကိုက်ခြင်း၊ မွှား မျိုးစိတ်ထဲမှ မွှားအထီးများ ကိုက်ခြင်းမှ တစ်ဆင့်ဖြစ်ကြောင်း၊ ရောဂါပိုးနှင့်ထိတွေ့ထားသော အစာ၊ ရေ၊ ဆေးထိုးအပ်နှင့် ရောဂါဖြစ်ပွားသော တိရစာ္ဆန်များမှ တစ်ဆင့်ကူးစက်နိုင်ကြောင်း၊ ကြိုတင်ကာကွယ်သည့် နည်းလမ်းများမှာ ရောဂါဖြစ်ပွားသည့် တိရစာ္ဆန်နှင့် သီးခြားခွဲထားခြင်း၊ ကျွဲ၊ နွားများထားရှိသည့် ခြံ၊ အိမ်၊ အခင်းတို့တွင် ပိုးသတ်ဆေး ဖြန်းခြင်း၊ ယင်ကိုက်ခြင်း၊ မွှားကိုက်ခြင်း မဖြစ်စေရန် ခြင်မီးဖိုခြင်း၊ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်ထားရန် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာကျော်သက်လွင်ဦး ၏ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)