ဇီးကုန်း နိုဝင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်သို့ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့သော အာရှကွန်ယက်အဖွဲ့မှ ဖိလစ်ပိုင် နိုင်ငံသူနှင့် စကားပြန်တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သောကြောင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ယနေ့နေ့လယ် ၁ နာရီခွဲက ဇီးကုန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ANTIGEN (RDT) RAPID TEST KIT ဖြင့် ဒုတိယအကြိမ် ရောဂါပိုးရှိ/မရှိ ထပ်မံစစ်ဆေးခဲ့သည်။
ကိုဗစ်ရောဂါပိုးအတည်ပြုသူများနှင့် ထိတွေ့ခဲ့သော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် များအပါအဝင်(၁၄)ဦးအား နိုဝင်ဘာ ၁၀ရက်နေ့ မွန်းလွဲ ၃နာရီခွဲက ပထမအကြိမ် စစ်ဆေးခဲ့ရာ အားလုံးတွင် ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း သိခဲ့ရသည်။ အဆိုပါထိတွေ့ခဲ့သူ (၁၄) ဦးအား ဇီးကုန်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ ဒုတိယအကြိမ် RTD Test ဖြင့် ထပ်မံ စစ်ဆေးရာတွင်လည်း ကိုဗစ်ရောဂါပိုး မတွေ့ရှိကြောင်းနှင့် အားလုံးကျန်းမာရေး ကောင်းမွန် ကြောင်း သိခဲ့ရပြီး ၎င်းတို့၏နေအိမ်များတွင် Home Quarantine ထားရှိကြောင်း မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်/ဆက်)