ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် ကျေးရွာအရောက် ထောက်ပံ့ငွေများပေးအပ်

ဆီဆိုင်    နိုဝင်ဘာ     ၁၂

ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားသောက်ရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် (စတုတ္ထအကြိမ်)ထောက်ပံ့ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာအရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေနှင့် တာဝန်ရှိသူများက ကုန်းဆွတ် ကျေးရွာအုပ်စုအတွင်းရှိ မြေနီ၊ ကုန်းဆွတ်၊ နောင်ယွေး(ရှေ့)နှင့် နောင်ယွေး(နောက်)ကျေးရွာတို့မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၁၁)စု၊ လူဦးရေ(၃၈)ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၂၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၃၇၈၄)စု၊ လူဦးရေ ၁၆၁၃၀ ဦးခန့်ရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများတို့က ပြည်သူများထံသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)