နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

နတ်တလင်း မေ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ (၂၀၂၄) ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယမန်နေ့နေ့လယ် (၁) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်မြမြဆွေက တောင်သူလယ်သမားများအနေဖြင့် သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးနောက် ချေးငွေရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲ ဆောင်ရွက်ကြရန်နှင့် ချေးငွေများထုတ်ယူရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးရွာအုပ်စုပေါင်း (၈၁) အုပ်စုမှ မိုးစပါးစိုက်ပျိုးစရိတ်  အကျေပေးဆပ်နိုင်သည့် ဒမငယ်ကျေးရွာအတွင်းရှိ တောင်သူ (၁၄၀) ဦး၏ ဧကပေါင်း (၈၀၀) ဧကအတွက် တစ်ဧကလျှင် (၁၅၀၀၀၀) နှုန်းဖြင့် ငွေကျပ် (၁၂၀၀၀၀၀၀၀) သိန်းအား ထုတ်ချေးပေးခဲ့သည်။

နတ်တလင်းမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးယူမည့် တောင်သူ (၁၃၀၀၀)ဦး၏ လျာထား စပါးစိုက်ဧကပေါင်း (၉၀၀၀၀) ဧကမှ တစ်ဧကလျှင် (၁၅၀၀၀၀) နှုန်းဖြင့် ငွေကျပ် (၁၃၅၀၀) သိန်းအား စက်တင်ဘာလကုန်ထိ ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)