မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း တာဝန်ရှိသူများမှ ကွင်းဆင်းကြီးကြပ်စစ်ဆေးခြင်း ဆောင်ရွက်

မိုင်းပျဉ်း  မေ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၄−၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သည့် ဆရာစံလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီအဖွဲ့တို့ ပူးပေါင်းကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းပျဉ်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၄−၂၀၂၅ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သော အတိုင်းအတာ (၃၅၀' x ၁၆' x ၆")ရှိသည့် ဆရာစံလမ်းကွန်ကရစ်ခင်းခြင်းကို ခေတ်ဦးနိုင်ကုမ္ပဏီမှ တာဝန်ယူ၍ (၁၅−၅−၂၀၂၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ (၆၀%)ကျော်ပြီးစီးပြီဖြစ်သောကြောင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီတို့ ပူးပေါင်းကာ လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့အတွက် ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)