ကျောက်ဆည်မြို့တွင် ကွမ်းရွက် (၁) ပိဿာ ငွေကျပ် (၁၉၀၀၀) ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိ

ကျောက်ဆည် မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် ဥယျာဉ်ခြံမြေများတွင် သရက်၊ သံပယို၊ ရှောက်၊ မာလကာ၊ ကွမ်း စသည့် နှစ်ရှည်သီးပင်စားပင်များ စိုက်ပျိုးထားရှိရာ ယခုအခါ ကွမ်းရွက်ဈေးများ ပြန်လည်ကောင်းမွန်လာပြီး ကွမ်းရွက် (၁) ပိဿာ ငွေကျပ် (၁၉၀၀၀) ကျပ်ဖြင့် ရောင်းချရသဖြင့် ကွမ်းစိုက်တောင်သူများသည် အဆင်ပြေလျက်ရှိကြောင်း ညွှန့်ပင်ကျေးရွာမှ ကွမ်းစိုက် တောင်သူ ဦးဆန်းဝင်းက ပြောပြ၍ သိရှိရသည်။

ကွမ်းရွက်ပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး ကျောက်ဆည်မြို့နယ်အနေဖြင့် ကွမ်းနုဝါမျိုးများ အဓိကစိုက်ပျိုးကြောင်း၊ မိုးလယ်၊ မိုးနှောင်းရာသီတွင် ကွမ်းရွက်အထွက်နှုန်း ကောင်းပြီး နွေရာသီနှင့် ဆောင်းရာသီများတွင် ကွမ်းရွက်အထွက်နှုန်း လျော့နည်းကြောင်းနှင့် ကွမ်းရွက် တစ်ပိဿာငွေ (၁၁၀၀၀/ ၁၂၀၀၀) ကျပ် ရောင်းချနေရာမှ ယခုအခါ ကွမ်းရွက် (၁) ပိသာ ငွေ (၁၉၀၀၀) ကျပ် ရောင်းချရသဖြင့် ကွမ်းစိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကွမ်းရွက်ပင်များ စိုက်ပျိုးခြင်း (ကွမ်းခြံတည်ခြင်း) သည် အခြားသီးနှံများထက် ကုန်ကျစရိတ် ပို၍များကြောင်းနှင့် ကွမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရေလိုအပ်ချိန် ရေတင်ခြင်း၊ အလင်းရောင်နှင့် လေဝင်လေထွက် ကောင်းမွန်စေရန်အတွက် အမိုး/အကာများ လှပ်ပေးခြင်း၊ ကိုင်းအညွှန့်များ တိုင်နှင့်တွဲ၍ ချည်ပေးခြင်း၊ အပင်ခြေများအား မြေအသစ်ဖို့ခြင်း စသည့်လုပ်ငန်းများကို နေ့စဉ် ကြည့်ရှုလုပ်ဆာင်ရပြီး ဂရုစိုက်မှုနည်းပါက ပိုးမွှားများ ကျရောက်ကာ အပင်သေပျောက်မှုများကာ ကွမ်းခြံပျက်စီးသည်အထိ နစ်နာဆုံးရှုံးနိုင်ကြောင်းနှင့် ကွမ်းခြံများကို ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး မှိုင်းပန်၊ သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မြောင်းဦး၊ ပွတ္တိုင်၊  ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)