မောက်မယ် မေ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသောနိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သားသမီးများအား အကောင်းဆုံးပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများအသီးသီးတို့က မူလတန်းမှ တက္ကသိုလ်အထိ ဝန်ထမ်းသားသမီးများ (၂၅)ဦးအား ပညာသင်စရိတ်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)