ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပ

ပြည်ကြီးတံခွန် မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက အဆိုပါ မြို့နယ်ရှိ အ-ထ-က(၂၇)ကျောင်း အောင်တံခွန်ခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မဟာအောင်မြေခရိုင်ပညာရေးမှူး ဒေါက်တာ သက်လှစု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူနှင့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး အ-ထ-က (၂၇) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက မိုးဦးအလှ စိမ်းစိုမြ သီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံးကို ကျောင်းသို့အရောက် ပို့ဆောင်ပေးနိုင်ရေးအတွက် မိဘများအနေဖြင့် အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးမှူးတို့က မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများသို့ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခင်စောလွင်(ပြန်/ဆက်)