တာချီလိတ်မြို့၌ ကဆုန်ညောင်ရေသွန်းလောင်းပွဲ ကျင်းပ

တာချီလိတ် မေ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၁၄)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းနှင့် ညောင်ရေသွန်းလောင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ရွှေတိရုံဘုရား (တာချီလိတ်)ပရိဝုဏ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ရွှေတိဂုံစေတီတော်မြတ်စံကျောင်းတွင် (၁၄)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်းဖွင့်လှစ်ပြီး ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်တို့ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်တော်မူသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား စစ်ဗျူဟာ(အခြေချ)တာချီလိတ် ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူတို့က လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေစက်ချအနုမောဒနာတရားနာကြားသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍  ဇယန္တောဗောဓိယာမူလေအစရှိသော အောင်ဂါထာကို(၃)ကြိမ်ရွတ်ဆို၍ မဟာဗောဓိပင်အား လက်ယာရစ်လှည့်လည်ပြီး အမွှေးနံ့သာရည်နှင့် ရေစင်များသွန်းလောင်းပူဇော်ခဲ့ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့သည် မြန်မာပြည်တစ်ဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး၊ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်ခံယူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ဖြစ်သောကြောင့် ကဆုန်လပြည့်နေ့အား ဗုဒ္ဓဘာသာဝင်များမှ “ဆု ဖွား ပွင့် စံ” ဟူ၍လည်းကောင်း “ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လ” ဟူ၍လည်းကောင်း မှတ်သားထားကြကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)