နောင်တရား မေ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ယမန်နေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်ခြင်းကြောင့် စာသင်ကျောင်းဆောင်၊ လူနေအိမ်အဆောက်အဦနှင့် ဓါတ်အားလိုင်းများပျက်စီးခဲ့ကြောင်း နောင်တရားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခက်ခြင်းကြောင့် နောင်တရားမြို့မြောက်ဘက်အဝင် နောင်တရားနယ်မြေရဲစခန်းရှေ့ရှိ သစ်၊ သွပ်မိုး၊ မိုးကာ Covid-19 စစ်ဆေးရေးဂိတ် ပြိုကျပျက်စီးခြင်း၊ အမှတ်(၁)ရပ်ကွက် ထီနောင်ရေထွက်ရှေ့ရှိ (၄၀၀)ဗို့ဓါတ်အားလိုင်း ဓါတ်မီးတိုင်(၃)တိုင် ကျိုးကျပျက်စီးခြင်း၊ အမှတ်(၁)ရပ်ကွက်မီးလောင်ကုန်းမူလွန်ကျောင်း နှစ်ထပ်ကျောင်းဆောင် အမိုးသွပ်လှန်ခြင်း၊ စေတနာဖောင်ဒေးရှင်း နီပွန်ဂျပန်မှ လှူဒါန်းထားသည့် တစ်ထပ်ကျောင်းဆောင် အမိုးသွပ်လှန်ခြင်း၊ သစ်ပင်များကျိုးပဲ့ခြင်းကြောင့် မိုးရေလှောင်ကန်နှင့် အိမ်သာ၊ မူကြိုဆောင်၊ ကျောင်းခြံစည်းရိုးများ ထိခိုက်ပျက်ဆီးခြင်း၊ အမှတ်(၃)ရပ်ကွက်၌ ဦးညိုဝင်း၏နေအိမ် အမိုးလန်ပျက်စီးခြင်း၊ စန္တာခမ်းပအိုဝ်းဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ တစ်ထပ်ဝါးကျောင်းဆောင် အမိုးသွပ်လန်ပျက်စီးခဲ့သည်။
အဆိုပါမိုးသက်လေပြင်းတိုက်ခက်ခြင်းကြောင့် ဦးခွန်သူရိန်၏ယာကွက်အတွင်း၌ တည်ဆောက်ထားသည့် သွပ်မိုး၊ သွပ်ကာဝါးတဲမှာ လေပြင်းနှင့်အတူ လွင့်စင်လာပြီး ဓါတ်အားလိုင်းပေါ်သို့ လွင့်ကျလာခြင်းကြောင့် ဓါတ်အားလိုင်းမီးတိုင် ကျိုးကျပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး အဆိုပါဓါတ်အားတိုင်များကို နောင်တရားမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးအရာရှိဦးသူရဝင်းထက်မှ ကြီးကြပ်၍ အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ခဲ့သည်။
မေလ ၂၃ ရက်နေ့တွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် အမှတ်(၁)ရပ်ကွက် မူလွန်မီးလောင်းကုန်းကျောင်း၌ လေပြင်းတိုက်ခက်ခြင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအဆောက်အဦများကို အမြန်ပြင်ဆင်ရန်လိုအပ်လျက်ရှိကြောင်း မီးလောင်ကုန်းကျောင်းအုပ်ဆရာကြီးက ပြောသည်။
မိုးဦးရာသီတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခက်ခြင်းနှင့် မိုးကြိုးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ ထုတ်ပြန်ချက်များကို အစဉ်မပျက်လေ့လာမှတ်သားရန် လိုအပ်ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)