ကသာ မေ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်အတွင်း ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး စာတတ်မြောက်စေရေးအတွက် အခြေခံစာတတ်မြောက်ရေးသင်တန်းတွင် စာသင်ကြားနေမှုတို့ကို မေလ ၂ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ စာသင်ကြားနေမှုတို့ကို အခြေခံစာတတ်မြောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲဝင်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကိုလည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။ မြို့နယ်ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပညာရေးမှူး ဒေါ်မြင်မြင့်ဝင်းက အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများတွင် မြန်မာစာဘာသာရပ်နှင့် သင်္ချာဘာသာရပ်တို့အား အရေး၊ အဖတ်၊ အတွက်ရရှိရေးတို့ကို သင်ကြားပို့ချပေးနေမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ကသာမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း(၄)ဝိုင်းဖြင့် သင်တန်းသား (၄၄)ဦးကို ဧပြီလ (၈)နေ့မှ စတင်ပြီး တစ်ရက်လျှင် (၃)နာရီနှုန်းဖြင့် သင်ကြားပေးလျက်ရှိရာ မေလ (၂)ရက်နေ့အထိ သင်ကြားရက် (၂၅) ရက်နှင့် သင်ကြားချိန်နာရီပေါင်း (၇၅)နာရီရှိပြီဖြစ်ကြောင်း သိရသည်။
ရဲလင်းထွန်း(ကသာ)