စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် တတိယနေ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပဲခူး ဧပြီ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ စတုတ္ထအကြိမ် မြောက် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်တတိယနေ့အား ယမန်နေ့၊ ညပိုင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။      

အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဝတ်ရွတ်အသင်းများ၊ တရားနာပရိတ်သတ်များ တက်ရောက်ကြည်ညိုခဲ့ကြပြီး ပဲခူးမြို့၊ သာသနာ့ဇောတိက စာသင်တိုက်၊ သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် သာသနာ့ဇောတိကစာသင်တိုက်၊ သာသနာ့ ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတ ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်ကို ဟောကြားကာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဓမ္မပူဇာအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြကာ စတုတ္ထအကြိမ်မြောက် နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။      

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ စတုတ္ထအကြိမ် မြောက် နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်အား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ (၃)ရက်တိုင်တိုင် အေးချမ်းအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)