ကဝမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသပေး

ကဝ မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသပေးခြင်းကို  ယနေ့နံနက်(၇)နာရီအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ အထူးကုဆရာဝန်ကြီးများအဖွဲ့တွင် အထွေထွေသမားတော်၊ ကလေး၊ ခွဲစိတ်၊ သားဖွား/ မီးယပ်၊ အရိုး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အကြော/အဆစ်၊ ကင်ဆာအထူးကု၊ စိတ်ရောဂါ၊ အရောပြား၊ သွားရောဂါစသည့် အထူးကုဆရာဝန်ကြီးများအဖွဲ့က ကဝမြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့)ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာရောက်ဆေးကုသမှုခံယူသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ NGO များနှင့် လုပ်ငန်းရှင်များက အာဟာရဒါနများဖြင့် ကျွေမွေးဧည့်ခံပြီး၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥများကို  ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)