တနင်္သာရီမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရာဇမင်္ဂလာကန်တော်အတွင်း နွေရာသီပန်းချီအခြေခံသင်တန်းသားများက ကွင်းဆင်းလေ့လာရေးပြုလုပ်၊ ကန်တော်ကြီးကို မူလပုံစံမပျက် အဆင်မြင့်တင်ပြုပြင်မွမ်းမံလျက်ရှိ

တနင်္သာရီ မတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၏ကျက်သရေဆောင် သမိုင်းဝင် ရာဇမင်္ဂလာကန်တော်နှင့် နန်းဦးစေတီတော်အတွင်းသို့ နွေရာသီပန်းချီ အခြေခံ(အခမဲ)သင်တန်းသူ/သားများက မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က လေ့လာရေးနှင့်ပန်းချီလက်တွေ့ရေးဆွဲနည်းများ ကွင်းဆင်းလေ့ကျင့်ကြကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနအတွင်း ဖွင့်လှစ်သင်ကြားပေးနေသည့် နွေရာသီ ပန်းချီအခြေခံ(အခမဲ့) သင်တန်းသားများအား ဦးစီးအရာရှိ ဦးထိန်ဝင်းက ဦးဆောင်လျက် ပန်းချီနည်းပြဆရာများနှင့်အတူ သမိုင်းဝင်ရာဇမင်္ဂလာကန်တော်နှင့် နန်းဦးစေတီတော်ဝင်းအတွင်း  ကွင်းဆင်းလေ့လာကြရာ ဦးစီးအရာရှိ ဦးထိန်ဝင်းက တနင်္သာရီမြို့ ဖြစ်စဉ်သမိုင်းနှင့်ရာဇမင်္ဂလာ ကန်တော်သမိုင်းကြောင်းတို့ကို ပညာပေး ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဟိန်းသာသာနှင့်သက်ဈာန်ရဲတို့က မင်္ဂလာကန်တော်ကို ပန်းချီရေးဆွဲနည်းလက်တွေ့ သင်ကြားပေးရာ သင်တန်းသူ/သားများက စိတ်ဝင်တစား လိုက်ပါလေ့ကျင့်ကြကြောင်း သိရှိရသည်။

 အလားတူပန်းချီသင်တန်းသူ/သားများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက မြို့နယ်ထာဝစဉ် စိမ်းလန်းသန့်ရှင်းပြီး မျှတကောင်းမွန်သော ပတ်ဝန်း ကျင်ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ထုတ်ဝေ ဖြန့်ချိသည့်ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြကြောင်း သိရှိရသည်။

အဆိုပါ ရာဇမင်္ဂလာကန်တော်သည် တနင်္သာရီမြို့-ချောင်းငယ်ကျောင်းတိုက်၏ မြောက်အရပ်တွင် တည်ရှိပြီး ယင်းနေရာတွင် မဟာသီရိဓမ္မသောကမင်းကြီးမှ ရေကန်တော်နှင့်စေတီတော်တို့ကို လှူဒါန်းလေသည်။ ၎င်းမှာ ချောင်းငယ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းရှိ နန်းဦးစေတီနှင့် ရာဇမင်္ဂလာ ကန်တော်ပင်ဖြစ်သည်။

ထိုမင်္ဂလာကန်တော်ကိုတနင်္သာရီမင်းဆက်များက ဦးခေါင်းဆေးမင်္ဂလာပြုရာတွင် အဓိက အသုံးပြုခဲ့ကြသည်ဟုဆိုသည်။ ကန်ဘောင်ရိုး၏ အလျား(၂၀၀)ပေခန့်ရှိသည်။ ကန်ဘောင်အမြင့်(၁၀)ပေ၊ ကန်ဘောင်အကျယ်မှာ(၂၀)ပေခန့်ရှိပြီး ကန်၏ အနက်မှာ(၁၀)ခန့်ရှိသည်။ အုတ်နံရံများနှင့် ဝင်းတံခါးများကို ချောင်းငယ်ကျောင်း တိုက်ဆရာတော်မှ ထိန်းသိမ်းစီမံဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)