မြင်းခြံမြို့ မဟာဓမ္မိကာရုံ(တပ်ကုန်း)ကျောင်းတိုက်၌ တတိယအကြိမ်မြောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ

မြင်းခြံ နိုဝင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၁)ရပ်ကွက်ရှိ မဟာဓမ္မိကာရုံ(တပ်ကုန်း)ကျောင်းတိုက်၌ ယနေ့နံနက် ၉ နာရီအချိန်က တတိယအကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြင်းခြံမြို့ ကိုးတောင်ပြည့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာယကာဘိဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများက ဘုံကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ကြကာ မြင်းခြံမြို့ ကိုးတောင်ပြည့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာယကာဘိဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရား နာယူကြည်ညိုရေစက်ချ အမျှပေးဝေခဲ့ကြသည်။

မြင်းခြံမြို့၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန်ကျင်းပခြင်းမှာ ယခုအကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်ကြောင်းနှင့် မဟာဘုံကထိန်၌ ပဒေသာပင် (၂၅) ခုတန်ဖိုး (၁၄၆၃၉၇၀၀) ကျပ်၊ ဆရာတော်များ ကပ်လှူရန် ဝတ္ထုငွေ (၂၄၅၀၀၀၀)ကျပ်၊ ဆွမ်းကပ်ခြင်းနှင့် ဧည့်ခံကျွေးမွေးခြင်း (၂၀၅၀၀၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး (၁၉၁၃၉၇၀၀) ကျပ်တိတိကို ရေစက်ချလှူဒါန်းခဲ့ကြောင်း  သိရသည်။

ကျော်စွာ(မြင်းခြံ)