ပဲခူးမြို့တွင် NCA ကို ဆန့်ကျင်ပြီး စစ်ပွဲကိုခေါ်ယူခဲ့သည့် KIA ၊ AA ၊ TNLA ၊ MNDAA ၊ BPLA အကြမ်းနှင့် PDF တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံပွဲ ကျင်းပပြုလုပ်

ပဲခူး  နိုဝင်ဘာ  ၁၆

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက် ရှိသည်။

ထိုသို့အားပေးထောက်ခံလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့ ဥဿာမြို့သစ်ရှိ ဥဿာဘောလုံးအားကစားကွင်း၌ ငြိမ်းချမ်းရေးကိုလိုလားသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့)မြို့နယ်များမှ ပြည်သူ(၂၀၀၀)ဦးခန့်က တိုင်းပြည်အလုံးစုံပျက်စီးရေးလုပ်ဆောင်နေကြသည့် KIA ၊ TNLA ၊ MNDAA ၊ AA ၊ BPLA နှင့် PDF အမည်ခံ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများအား ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား ထောက်ခံအားပေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငြိမ်းချမ်းရေးကိုလိုလားကြသည့် ပဲခူးတိုင်းဒေသကြီး (အရှေ့)အတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက နိုင်ငံတော်အလံများကိုင်ဆောင်၍ ကွင်းအတွင်းချီတက်နေရာယူပြီး နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုကာ ထောက်ခံပွဲကို ဖွင့်လှစ်လိုက်ကြသည်။

ထို့နောက် အစွန်းရောက်အကြမ်းဖက်သမားများ၏ ယုတ်မာကောက်ကျစ်မှုများ၊ အကြမ်းဖက် သတ်ဖြတ်မှုများ၊ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အသီးသီး ရှင်းလင်းဟောပြောကြသည်။

ယင်းနောက် ထောက်ခံပွဲသို့ တက်ရောက်လာကြသည့် ပြည်သူအားလုံးက အမျိုးဘာသာသာသနာကို စောင့်ရှောက်ပေးသော တပ်မတော်အား ထောက်ခံပါသည်။ တပ်နှင့်ပြည်သူအတူတူ သွေးခွဲလာသူ ဒို့ရန်သူ---ဒို့ရန်သူ။ ရှေ့တန်းရောက်တပ်မတော်သားများ ကျန်းမာပါစေ။ ပြည်သူတို့၏ အကျိုးအမှန်ဖော်ဆောင်သည့် တပ်မတော်ကိုထောက်ခံပါသည်။ တပ်မတော်အင်အားကို ချိုးနှိမ်မှုမှန်သမျှ ခြေမှုန်းကြ----ခြေမှုန်းကြ။ တရားသောစစ်အောင်ရမည်။ အစဉ်အလာကောင်းတဲ့ တပ်မတော် ဒို့တပ်မတော်----ဒို့တပ်မတော်။ မြန်မာ့တပ်မတော်အား အပြည့်အဝထောက်ခံ အပ်ပါသည်။ အကြမ်းဖက် PDF များ ကျဆုံးပါစေ။ စွန့်လွှတ်စွန့်စားတပ်မတော်သားများ အောင်မြင်ပါစေ။ KIA အလိုမရှိ၊ TNLA အလိုမရှိ၊ MNDAA အလိုမရှိ၊ AA အလိုမရှိ၊ BPLA အလိုမရှိ၊ PDF အလိုမရှိ စသည့်ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများ၏ ရင်းတွင်းစကားသံများကိုလည်း ယခုလိုတင်ပြလိုက်ရပါသည်။

ဆက်လက်၍ ပဲခူးမြို့နေ မသီရိမြင့်အောင် က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ရန်သူကို ရန်သူလို သဘောထားပြီး ယခုထက်ပိုမိုတင်းတင်းကြပ်ကြပ် ဆောင်ရွက်ပေးပါလို့ တောင်းဆိုပါတယ်၊ ရှေ့တန်းရောက်တပ်မတော်သားများလည်း အန္တရာယ်ကင်းဘေးရှင်းပြီး ခလုတ်မထိဆူးမငြိဘဲ ပြန်လာနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရပါတယ်။

ပဲခူးမြို့မှ မအေးအေးအောင် က ကျွန်မတို့အနေဖြင့် တပ်မတော်ထောက်ခံပွဲကို လာရောက်ရခြင်းသည် တပ်မတော်ကိုချစ်ခင်မြတ်နိုးပြီးအားပေးချင်လို့ ကျွန်မနှင့်အတူ ပြည်သူများက လာရောက်ရခြင်းဖြစ်ကြောင်း၊ ယခုဖြစ်နေတဲ့စစ်ပွဲများကို တပ်မတော်သားများက ရှေ့တန်းမှနေပြီးရွံ့ရွံ့ချွန်ချွန် ကာကွယ်တိုက်ထုတ်ပေးနေသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တပ်မတော်ကာကာကွယ်ကွယ်ရေးဦးစီးချုပ်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ပြတ်ပြတ်သားသားဆောင်ရွက်စေလိုကြောင်း၊ လိုအပ်ပါက တပ်မတော်၏နောက်မှာ ကျွန်မနှင့်ပြည်သူများ အမြဲရှိနေမှာဖြစ်ကြောင်း ပြောကြားသည်။

ဝေါမြို့နေ ပြည်သူတစ်ဦးက ပဲခူးမြို့မှာ တပ်မတော်ထောက်ခံပွဲလုပ်သည့် သတင်းကြားသိရသည့်အတွက် ကျွန်တော်တို့အစီအစဉ်ဖြင့် ကျွန်တော်တို့ဘာသာ လာရောက်ရခြင်းဖြစ်ကြောင်း၊ အဖျက်အမှောက်လုပ်နေကြတဲ့ အကြမ်းသမားများကို ဆန့်ကျင်ရှုတ်ချပြီး ပြည်သူဘက်က အမြဲကာကွယ်ပေးနေတဲ့ တပ်မတော်သားများကို အားပေးခြင်းဖြစ်ကြောင်း၊ ကျွန်တော်တို့ကိုယ်တိုင်လည်း ရှေ့တန်းရောက်တပ်မတော်သားများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းပေးပါကြောင်း၊ ရှေ့တန်းရောက် တပ်မတော်သားအားလုံး ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်း အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ဥဿာမြေ