ဥတ္တရသီရိ နိုဝင်ဘာ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ လာမည့်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင်ရောက်ရှိမည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အား မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များစတင်ခဲ့ရာ သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်း ရှင်သန် နေစေရန်၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ မိမိတို့၏ စိတ်ခံစားမှု၊ စိတ်အတွေးများဖြင့် မိမိတို့စိတ်ကြိုက်ပုံဖော်ဖန်တီးရေသားနိုင်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်တဲ့လူရည်ချွန်များ ဖြစ်လာကြစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ စတင်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ၊ ကျောင်းသုံး ဗလာစာအုပ်နှင့် ဘောလ်ပင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)