ပေါက်ခေါင်း အောက်တိုဘာ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသောသောက်သုံးရေရရှိရေးနှင့် အခြားလိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရွေးချယ်ထားသည့် ကျေးရွာများဖြစ်သော ကန်စုကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ကတွတ်တောင်ကျေးရွာ၊ ဘွဲ့ပင်ကွင်းကျေးရွာ၊ အောင်မြင်ကုန်းကျေးရွာ၊ ဇီးတောကျေးရွာ၊ လှည်းကြပ်ကျေးရွာနှင့် ကျွဲတပေါင်းကျေးရွာ စသည့်ကျေးရွာ (၉) ရွာတို့ဖြစ်ပြီး၊ ဇီးတောကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အခြားကျေးရွာ (၈) ရွာတွင် ကျေးရွာတွင်းကျောက်ရောမြေနီလမ်းခင်းခြင်းနှင့် ရေသန့်စင်စက်တပ်ဆင်အသုံးပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀ ကိုထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုမှာ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရေသန့်စင်စက်မှာ ကျေးရွာပြည်သူများ အသုံးပြုနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)