သရက်ချောင်း အောက်တိုဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူအများစုသည် ဥယျာဉ်ခြံလုပ်ငန်းများအဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ကာလတိုသီးနှံပင်ဖြစ်သော ငှက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြသည်။
သရက်ချောင်းမြို့နယ်၌ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးကာ နွေရာသီအချိန်တွင် အသီးများအနည်းငယ်သေးပြီးမိုးရာသီနှင့်ဆောင်းရာသီတို့တွင် အသီးများပိုကြီး၍ အထွက်နှုန်းကောင်းသည့်အတွက် တစ်ဖတ်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။
မြို့နယ်အတွင်း ဒေသခံပြည်သူအများစုက ငှက်ပျောပင်အမျိုးမျိုး စိုက်ပျိုးလျက်ရှိရာ အဆိုပါ ငှက်ပျောပင်များ စိုက်ပျိုးပြီး (၈) လခန့်တွင် ငှက်ပျောအဖူးများ စတင်ထွက်ပြီး (၁၀)လခန့်တွင် ဌက်ပျောခိုင်အရင့်များ ဆွတ်ခူးကာ မြို့နယ်အတွင်းရှိ စျေးဆိုင်များနှင့် ငှက်ပျောသီးအဝယ်တိုင် များထံ တင်ပို့ရောင်းချလျက်ရှိကြောင်း ငှက်ပျောသီးတစ်ဖီးလျှင် ငွေကျပ် ၂၀၀၀မှ ၄၀၀၀ ကျပ် အထိ စျေးကောင်းရရှိသဖြင့် ငှက်ပျောပင်စိုက်ပျိုးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေး အတွက် အဆင်ပြေလျက်ရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူတစ်ဦးထံက သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)