နောင်ချိုမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

နောင်ချို  ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူလင်းက  မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပါကြောင်း၊ လုပ်ငန်းကော်မတီများအနေဖြင့်  မြန်မာတို့၏ ယဉ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်စေရန် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးစေလိုကြောင်း၊  လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိုးခိုင်က အဆို၊ အက၊ ရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်စာရင်းပေးသွင်းထားမှု အခြေအနေများ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့်အခြေအနေများ အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အဆင့် ဦးစွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်ရွေးချယ်ခံရသူများအား စက်တင်ဘာလ ၁၅ ရက်နေ့တွင် ခရိုင်အဆင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)