ကံမ ဩဂုတ် ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ကြို့ပင်)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဥပဒေရေးရာအဖြာဖြာ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယဉ်ကျေးလိမ္မာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ နီးစပ်ရာကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဝင်းဇော်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေး ဟောပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်ရွှေက ယဉ်ကျေးလိမ္မာခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်ဇလတ်က လူငယ်လူရွယ်များသိရှိသင့်သည့် ဥပဒေပိုင်းဆိုင်ရာများကို အသိပညာပေးပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက ကျောင်းစည်းကမ်းလိုက်နာစေရေး အသိပညာပေး ပြောကြားခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)