ဒဂုံဆိပ်ကမ်း ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပညာရေးမှူးရုံး၌ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး ဇီဝဆိုင်ရာ အချက်အလက်စိစစ်ကောက်ယူ၍ Database တွင်သိမ်းဆည်းကာ မတူညီဂဏန်း (၁၀) လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မူလုပ် ငန်းများဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်းအား ဇွန်လ ၂၆ ရက်မှ စတင်၍ ကောက်ယူခဲ့ရာ ဇူလိုင်(၇)ရက်နေ့ထိ ကျား(၁၁၅)ဦး၊ မ(၃၆၇)ဦး၊ စုစုပေါင်း(၄၈၂)ဦး ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အေးမဥ္ဇူ