မော်လိုက် ဇူလှိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်ကြည်က “ဗဟုသုတတိုးပွားဖို့စာပေများများဖတ်ကြစို့” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဆက်က “စာကြည့်တိုက်အကြောင်း သိကောင်းစရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်လှက “ကလေးသူငယ် အခွင့်အရေးဆိုင်ရာသိကောင်းစရာများ” ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့ကြပြီး ၊စစ်ကိုင်း တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးနှင့် “အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ” မှ ထုတ်ဝေသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်”၊ “လူငယ်နှင့်ပလတ်စတစ်အန္တရာယ်” ခေါင်းစဉ်များဖြင့် ပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး ပြန်/ဆက်ဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်များစာစောင်များကိုလေ့လာ ဖတ်ရှုခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူ မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)