ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်လှစ်

မအူပင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ကို အမှတ်(၅) အလတ်စား စက်ပြင်အလုပ်ရုံခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့် နေရာတွင် စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ လယ်ယာမြေကိုပြုပြင်သည့်အဆင့်မှ အစပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ အခြောက်ခံခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းကို ဆိုလိုကြောင်း၊ နိုင်ငံတော်၏ လယ်ယာထုတ်ကုန်တိုးတက်မြင့်မားရေးကို ကျေပွန်စွာထမ်းဆောင်ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးလှထွန်းမှ သင်တန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြရာတွင် သင်တန်း၏ ရည်ရွယ်ချက်များဖြစ်သည့် တောင်သူများအနေဖြင့် လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲတက်စေရန်ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းကြီးကြပ်သူနှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ပြီး စာတွေ့ လက်တွေ့အသုံးချမည့် စက်ပစ္စည်းများအား ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းအား(၁၀.၇.၂၀၂၃ မှ ၄.၈.၂၀၂၃) ရက်နေအထိ (၂၅)ရက်တာကာလဖြစ်ပြီး သင်တန်းသား တောင်သူဦးရေ (၅၀) ဦးခန့်အား စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)