ပေါင် ဇူလိုင် ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.ထ.က (ဇင်းကျိုက်)ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက အာရှသူရဲကောင်းတေးသီချင်းဖြင့် အဖွင့်သီချင်းသီဆိုခဲ့ပြီး နိုင်ငံတော်အလံနှင် ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေးက လာမည့်ဇူလိုင်(၁၉)ရက်နေ့သည် (၇၆)နှစ်မြောက်အာဇာနည်နေ့ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများက စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ကြသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးနှင့် အထက်တန်းပြဆရာမဒေါ်မာမာအေးတို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီးကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်၊ စာစောင်ပြပွဲ၊ နံရပ်ကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲအပြင် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆုရရှိထားသည့် မှတ်တမ်းများကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါအခမ်းအနားကို စုစုပေါင်းလူဦးရေ (၅၀ဝ)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)