ကျိုက်ထိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောဂါကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျိုက်ထို ဇူလိုင် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ သွားရောဂါကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာမျိုးနိုင်ဦးမှ ကလေးများ၏ သွားကျန်းမာ‌ရေး၊ သွားတိုက်နည်းစနစ်မှန်နှင့် အစာစားပြီး သွားများသန့်စင်သွားအောင် ခံတွင်းနှင့်သွားများကိုသန့်စင်၍ ဆေးကြောဖို့လိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက သွားပိုးစားရခြင်း၊ ငယ်သွားကျိုးပြီးနောက် ပြန်လည်မပေါက်ခြင်း၊ ပြန်လည်ပေါက်ရန် လုပ်ဆောင်သင့်သည့် နည်းလမ်းများကို မေးမြန်းခဲ့ကြရာ ဒေါက်တာမျိုးနိုင်ဦးမှ အသက်အရွယ်အလိုက် သွားပြန်လည် ပေါက်နိုင်သူ ရှိသလို မပေါက်နိုင်သူများရှိကြောင်း မိမိ၏သွားများသည် မိမိအား အ‌‌ထောက်အကူပြုလျက် ရှိ၍ အထူးဂရုစိုက်ရန်ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)