ဘားအံ ဇူလိုင် ၁၀
ငါးမွေးမြူရေးလုပ်ငန်းအား ကျွမ်းကျင်တတ်မြောက်ပြီး အရည်အသွေးပြည့်မီသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSME အထောက် အကူပြု ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဥတ္တရခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ MSME များ ဖွံ့ဖြိုးတိုးတက်ရန် ကုန်ကြမ်း၊ သွင်းအားစု၊ လုပ်အား၊ အရင်းအနှီးများ လိုအပ်ပြီး ကျွမ်းကျင်လုပ်သား လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် MSME အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးရန်လိုကြောင်း၊ ကျောင်းသား၊ကျောင်းသူများကို ၂၁ ရာစု ကျွမ်းကျင်မှုများ ရရှိအောင် လေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီစေရန် တက္ကသိုလ်များတွင် အသုံးချဘာသာရပ်များ၊ သင်ခန်းစာများကို တိုးချဲ့သင်ကြားပေးလျက်ရှိကာ သက်ဆိုင်ရာဘွဲ့များကို အောင်မြင်ပြီးပါက လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ပြီး မိမိတို့ဒေသ၌ ရှိသည့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သော ပညာရှင်များ ဖြစ်လာစေရန် ယခုကဲ့သို့သော သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိအသိစိတ်ဓာတ်နှင့် ကြိုးစားလေ့လာပြီး မိမိတို့၏ အရည်အသွေးများ စဉ်ဆက်မပြတ် တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးစုံမှိုင်းက ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ငါးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဘားအံတက္ကသိုလ် သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ သင်တန်းကို ဘားအံတက္ကသိုလ် သတ္တဗေဒအထူးပြုဘာသာရပ်မှ စတုတ္ထနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ ၅၅ ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှ ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့ထိ သတ္တဗေဒဌာနမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများက စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ ကရင်ပြည်နယ်တွင် လူဦးရေ ၁၇ သိန်းခန့်နေထိုင်ကြပြီး ငါးပုဇွန်မွေးမြူရေး ကန်ပေါင်း ၉၈၄ ဒဿမ ၃၉ ဧကရှိပြီး လူတစ်ဦး တစ်ရက်လျှင် ငါးရိက္ခာ ငါးကျပ်သားနှုန်းခန့် စားသုံးပါက ငါးစားသုံးမှု ဖူလုံပိုလျှံရေးအတွက် ပြည်နယ်အတွင်း ငါးမွေးမြူရေးကန် ဧက ၄၀၀၀ ခန့်အထိ တိုးမြှင့်မွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၊ သတ္တဗေဒဌာန၊ ငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သုတေသနစခန်းတွင် မျိုးငါးများ မွေးမြူထားရှိမှုနှင့် ငါးသားပေါက်များ မွေးမြူထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် သီးနှံပျိုးပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှု၊ ပြည်နယ်မြေအသုံးချရေးဓာတ်ခွဲခန်း၌ ကျေးရွာများမှ ပေးပို့လာသော မြေနမူနာများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု၊ ပြည်နယ်မျိုးစေ့ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်း၌ မျိုးစေ့များ သိုလှောင်ထိန်းသိမ်းဓာတ်ခွဲစစ်ဆေးနေမှု၊ ပြည်နယ်သီးနှံကာကွယ်ရေးဓာတ်ခွဲခန်း၌ သီးနှံအမျိုးအစားအလိုက် ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ဓမ္မာရုံမှ အ.ထ.က(၄) လမ်းဆုံထိ အရှည် ၇၈၄၀ ပေအား ကွန်ကရစ်လမ်းတစ်ဖက်လျှင် (၄)ပေစီတိုးချဲ့ခြင်း၊ အုတ်စီရေမြောင်းနှင့် လူသွားစင်္ကြန်လမ်း ပြုလုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)