ပွင့်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံစိုက်ဧက ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများက မေလဒုတိယပတ်က ရွာသွန်းခဲ့သည့် မိုးဖြင့် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပြီး ဧက ၈၃၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာ၌ ပဲစင်းငုံသီးနှံစိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်းကောင်းမွန်သော မုံရွာရွှေဒင်္ဂါး ပဲစင်းငုံတစ်မျိုးတည်းကိုသာ အားထားစိုက်ပျိုးကြကြောင်း သိရကာ သက်တမ်းရှည်သီးနှံဖြစ်သည့်အတွက် သီးနှံအပိုဝင်ငွေရရှိစေရန် သုံးလပင်ထောင်မြေပဲ၊ နှမ်း၊ ပဲတီစိမ်း စသည့် သီးနှံများဖြင့် တွဲဖက်ကာ သီးထပ်သီးညှပ်အဖြစ် အတန်းလိုက်စနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ တွဲဖက်စိုက်ပျိုးသည့် သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် ပဲစင်းငုံသီးနှံပင်များ ဖြစ်ထွန်းစေရန် ပေါင်းရှင်းခြင်း၊ မြေဆွခြင်း၊ မြေဩဇာကျွေးခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု ကင်းဝေးစေရန် ပိုးသတ်ဆေးနှင့် အပင်အားဆေးများ ပက်ဖျန်းခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ကြကြောင်း စိုက်ပျိုးပြီး သက်တမ်း(၇)လခန့်ကြာပါက သီးနှံရိတ်သိမ်းကြရကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
ထိုသို့ ဒေသခံတောင်သူများ မိုးသီးနှံများဖြစ်သည့် စပါး ၊ နှမ်း ၊ မြေပဲ ၊ နေကြာ ၊ ပဲစင်းငုံ ၊ ပဲတီစိမ်း ၊ ဝါ ၊ အစရှိသည့် သီးနှံများစိုက်ပျိုးရာတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေခံကွင်းဝန်ထမ်းများက တစ်ဧက ပန်းတိုင်သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် ဒေသတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် အခြေခံစိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို တွန်းအားပေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။ ယခုလက်ရှိတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဒေသခံတောင်သူများက ပဲစင်းငုံသီးနှံအား လျာထားဧက ပြည့်မီရေးအတွက် ကြိုးပမ်းစိုက်ပျိုးခဲ့ကြသဖြင့် ယနေ့အထိ မြေပြင်စိုက်ပြီး ဧက ၈၃၅ ဧက စိုက်ပျိုးနိုင်ခဲ့၍ သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပဲစင်းငုံသီးနှံစိုက်ပျိုးခြင်းကို ရေပုတ်ကြီးကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်ကလေးကျေးရွာ၊ မဲဇလီကျေးရွာ၊ ကျွဲတံခါးကျေးရွာ၊ ရေယာဉ်ကျေးရွာ၊ ချောင်းဆုံကျေးရွာနှင့် ကန်ရွာကျေးရွာတို့တွင် ဒေသခံတောင်သူများက နှစ်စဉ် မိုးသီးနှံအဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)