ရန်ကုန် ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။
ကျင်းပရာတွင် အင်းစိန်မြို့နယ်၊ သတင်းစာဆရာအသင်းနှင့်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်တို့က အမှာစကားအသီးသီး ပြောကြားသည်။
ဟောပြောပွဲကိုစတင်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်း အတွင်းရေးမှူးစာရေးဆရာရန်မိုးအောင်(အင်းစိန်)က အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းအလုပ်အမှုဆောင် စာရေးဆရာဝင်းနွယ်(ပုသိမ်)က ညောင်ရွက်ကလေးများအကြောင်းခေါင်းစဉ်တို့ဖြင့် ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့်ဟောပြောသည်။
ထို့နောက် ဟောပြောခဲ့ကြသည့် တာဝန်ရှိသူများကို အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမြင့်မှ အမှတ်တရ လက်ဆောင်ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)