ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေးများ၌ ပလတ်စတစ်မသုံးစွဲရနေ့ သတ်မှတ်ထားရှိမှုအား ဈေးသူဈေးသားများ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရန်ရည်ရွယ်၍ ကျေးလက် စည်ပင်သာယာဈေးများ၌ ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိပြီး အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာရှိ ကျေးလက် စည်ပင်သာယာဈေးများသို့သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏  ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဈေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာရှိ ကျေးလက် စည်ပင်သာယာဈေးများ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရန်အတွက် အပတ်စဉ် (တနင်္လာနေ့တိုင်း) မလတ်စတစ်မသုံးစွဲရနေ့အဖြစ် စည်းကမ်းချက် သတ်မှတ်ထားရှိမှုအား ဈေးရောင်းဈေးဝယ်သူများအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိနှင့် ဈေးရောင်းချရာတွင် ပလတ်စတစ် အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့် ထုပ်ပိုးရောင်းချခြင်း ရှိ/မရှိ  ဈေးဆိုင်ခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံ သုံးစွဲမှုကြောင့် ဘေးထွက်ဆိုးကျိုးများစွာ ဖြစ်စေနိုင်မှု အခြေအနေအား ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများ သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )