လှည်းကူး ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေး နည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ ပြုလုပ်နည်းသင်တန်းကို ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ လှည်းကူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောဘသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးတို့က အမှာစကားပြောကြားရာတွင် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန်အတွက် သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ရာစိတ်ပါဝင်စားစွာ တက်မြောက်အောင် သင်ကြားကြရန်နှင့် သင်တန်းချိန်ကို မပျက်ကွက်ဘဲ တက်ရောက်ကြရန်တို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစန်းအောင်ကသင်ကြားမည့် ဘာသာရပ်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဇူလိုင်လ(၁ဝ)ရက်နေ့မှ(၁၄)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်း၊ သီးနှံကာကွယ်ခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မှိုစိုက်ပျိုးထုတ်လုပ်ခြင်းစသည့် ဘာသာရပ်(၅)မျိုးကို သင်တန်းနည်းပြ(၄)ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ ရဲမွန်ကျေးရွာ အုပ်စု၊ ကညင်ကုန်းကျေးရွာအနီး ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဒေသနေ ပြည်သူ(၂၀)ဦးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)