ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ဝါသီးနှံစိုက်ပျိုးရေး အားထားစိုက်ပျိုး လုပ်ကိုင်

ပွင့်ဖြူ ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဝါသီးနှံ(မိုး)ကို အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး ဝါသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၂၃၉၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ လျာထားစိုက်ဧက ပြည့်မီစေရေးအတွက် ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်းကစပြီး စိုက်ပျိုးခဲ့ရာ ယနေ့အထိ ဝါသီးနှံ(မိုး)စိုက်ဧက ၁၀၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဝါသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၂၃၉၉ ဧက လျာထားစိုက်ပျိုးသွားမှာဖြစ်ပြီး ယနေ့အထိ ဝါသီးနှံစိုက်ဧက ၁၀၈၈ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးနေပြီဖြစ်ပါတယ်။ နောက်ပြီး ဝါသီးနှံဟာ ဈေးကွက်ရှိတဲ့အတွက် နှစ်စဉ် မိုးရာသီမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးကြပါတယ်။ ယခုနှစ်မှာလဲ ဝါသီးနှံစိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်လေးကျေးရွာနဲ့ ကုလားဟောင်းကျေးရွာတို့မှာ ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေးအတွက် ဇွန်လဆန်းပိုင်းကစပြီး စိုက်ပျိုးကြတာဖြစ်ပါတယ်။ သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တောင်သူတွေ ဝါသီးနှံစိုက်ပျိုးရာမှာ သီးနှံအထွက်နှုန်းကောင်းဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် စိုက်နည်း စနစ်တွေ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းတွေ၊ စိုက်ပျိုး‌ရေးသွင်းအားစု စနစ်တကျ သုံးစွဲနည်းတွေ၊ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်သက်သာစေမည့် ကိုယ်တိုင်သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်တွေကို အနီးကပ်ကြီးကြပ်ပြီးတော့ တောင်သူအသိပညာပေးလုပ်ငန်းတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှ သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ချည်မျှင် ရှည်ဝါ၊ ရွှေတောင်(၈) ရွှေတောင်(၁၀စသည့် ဝါသီးနှံမျိုးများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)