ပေါက်ခေါင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ စတင်ရိတ်သိမ်း

ပေါက်ခေါင်း ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံမှဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့်အခြားသီးနှံများကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကိုယခုနှစ်မတ်လဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီးစိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

"ဒီနေ့ နွေစပါး ၅ ဧကစရိတ်ပါတယ်၊ တစ်ဧကကို တင်း ၉၀ နီးပါးထွက်ပါတယ်၊ စပါးမျိုးကတော့ GW-11 နဲ့ ရတနာတိုး မျိုးစိုက်ထားပါတယ်၊ ခုစပါးဈေးလက်ရှိပေါက်ဈေးကတော့ GW-11 က   ၁၂ သိန်းခွဲနဲ့ ရတနာတိုးမျိုးက ၁၄ သိန်းထိဈေးပေးပါတယ်၊ နွေစပါးနဲ့မိုးစပါးမှာ နွေစပါးကိုပိုပြီးတော့အားထားစိုက်တယ်၊ ရေမပြတ်ဘူးဆိုရင် အထွက်နှုန်းလည်းပိုကောင်းပါတယ်" ဟု နွေစပါးစိုက်ပျိုးသည့်တောင်သူ ဦးမြင့်ချိုကပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်နွေစပါး ဧက ၁၁၄၂၄ ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)