တောင်တွင်းကြီးမြို့နယ်တွင် ပေလေးပင်ရှင်လေးပါးဆောင်နှင့် မော်ကွန်းကျောက်စာတိုင်များ ပြုပြင်မွမ်းမံတည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ပေလေးပင်ရှင်လေးပါးဆောင်နှင့် မော်ကွန်းကျောက်စာတိုင်များ ပြုပြင်မွမ်းမံတည်ဆောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ပြုပြင်မွမ်းမံတည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် ဒုတိယဥက္ကဋ္ဌ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်းတို့က စာဆိုပညာရှင် ဆရာတော်ကြီးများ၏ သမိုင်းအတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ ဆောင်ရွက်ထားရမည့် အခြေအနေများ၊ ကျောင်စာတိုင်အရွယ်အစား၊ ပုံသဏ္ဍာန်တို့ကို စနစ်တကျ ဖြစ်စေရေးနှင့် ရေရှည်တည်တံ့အောင်ဆောင်ရွက်ရမည့် အခြေအနေများ၊ ဆရာတော်ကြီးများ၏ ရုပ်တုပုံများနှင့် ကျောက်စာတိုင်စိုက်ထူရာတွင် စနစ်တကျဖြစ်စေရေး စသည့်တို့ကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပေလေးပင်ဆောင်နှင့် ကျောက်စာတိုင်ပြုပြင် တည်ဆောက်ရေးဦးစီးကော်မတီ အတွင်းရေးမှူး ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဘဏ္ဍာငွေရှာဖွေရေး ဆပ်ကော်မတီဥက္ကဋ္ဌက အလှူတော်ရန်ပုံငွေရရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ကော်မတီဝင်များက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

အောင်ကို(ဗိဿနိုး)