နတ်မောက်မြို့နယ်တွင် မီးဖိုချောင်သုံး 692 / 777 ငရုတ်စိုက်ခင်းများ ရေပေးသွင်းစိုက်ပျိုး

နတ်မောက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ တောင်သူများသည် မီးဖိုချောင်သုံးသီးနှံဖြစ်သည့်  ငရုတ်များစိုက်ပျိုးရာတွင် ဒေသမျိုးများအပြင် နိုင်ငံခြားငရုတ်များကိုပါ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဒေသမျိုးဖြစ်သည့် မိုးထောင်၊ ငရုတ်ပွ၊ ဂျိုလိမ်ငရုတ်မျိုးများအပြင် နိုင်ငံခြားငရုတ်မျိုးဖြစ်စည့် 692 / 777 မျိုးများကိုပါ တွင်တွင်ကျယ်ကျယ်စိုက်ပျိုးလျက်ရှိကြောင်း၊ ပျိုးအိတ်ဖြင့် စနစ်တကျ မျိုးစေ့များကို ထည့်သွင်း ပျိုးထောင်ပြီး နေ့စဉ်နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းရကြောင်း၊ အဆိုပါ ငရုတ်မျိုးစေ့များကို မေလ ပထမပတ်တွင် ပျိုးထောင်ခဲ့ပြီး ဇွန်လဒုတိယပတ်တွင် စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးခဲ့ကြောင်း ဒေသခံတောင်သူ များကပြောသည်။

“777 ငရုတ်မျိုးနဲ့ 692 ငရုတ်မျိုးတွေကို စိုက်ခင်းမှာ ရွေ့စိုက်လို့ပြီးတာ အခုဆိုရင်တစ်လနီးပါးရှိပါပြီ၊ စိုက်ပြီး ကတည်းက အစိုဓာတ်လုံလောက်အောင်မိုးမရွာတော့ အပင်တွေနွမ်းစပြုလာလို့ ခုဆိုရင် မြေအောက်ရေနဲ့ ငရုတ် စိုက်ခင်းတွေကို ရေပေးသွင်းနေရတယ်၊ ရေပေးသွင်းလိုက်တော့ ငရုတ်ပင် တွေလန်းလာတာပေါ့၊ တစ်လကျော်ရင် အပွင့်ပွင့်ပြီး အသီးလိုက်လာတော့မှာပါဟု” န-လက်ခုပ်ပင်ရွာမှ ငရုတ်စိုက်ပျိုးသူ မသီတာဆွေကပြောသည်။

၂၀၂၂-ခုနှစ်၊ ငရုတ်ပေါ်ချိန်တွင် စိုက်ပျိုးရေးဆေးဆိုင်မှ ငရုတ်မျိုးအထုပ်(၃)ထုပ် စိုက်ပျိုးသူ တောင်သူများသည် (၅)ရက်တစ်ကြိမ်  777/ 692 ငရုတ်သီးအစိမ်းဆွတ်ခူးရောင်းရငွေ ၂ သိန်းကျပ်အထိ ရရှိသဖြင့် ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရသည်။

မူမူစန်း