ဝေါ ဇူလိုင် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကုန်ညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ၊မရှိနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များအကြောင်း အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
အဆိုပါ(Talk Show)ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်သီတာဝင်းက(Talk Show)ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံဦးကျော်ဆန်းဝင်းက Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့်အချက်များ၊ သတိပြုရမည့်အချက်များ၊ စားသုံးသူများ၏ အခွင့်အရေးများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဥပဒေတွင်ပါရှိသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာဘာသာဖြင့်ဖြစ်စေ(သို့) မြန်မာဘာသာနှင့်တွဲ၍ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ဖော်ပြရန် ပြဋ္ဌာန်းထားချက်အရ ယခုအချိန်တွင် တစ်နိုင်လုံးအတိုင်းအတာဖြင့် စားသုံးဆီအမျိုးမျိုးတို့ကို ဥပဒေနှင့်အညီ ကုန်ညွှန်းအမှတ်အသားများဖော်ပြထားခြင်းရှိ၊ မရှိကို ဇူလိုင်လပထမပတ်နှင့် ဒုတိယအပတ်တွင် စစ်ဆေးဆောင်ရွက်လျက်ပါကြောင်း၊ အဆိုပါ စားသုံးဆီများသည်ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် ဥပဒေနှင့်ကိုက်ညီမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာများကိုလည်း နောက်လများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကာ စားသုံးသူပြည်သူများ ထုတ်ကုန်ပစွည်းများ သုံးစွဲသည့်အခါ အခက်အခဲများရှိပါက တိုင်းဒေသကြီး၊ ခရိုင်များတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ၊ Website၊ Facebook Page ၊ Call Center များသို့ တိုင်ကြားနိုင်ကြောင်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)