ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

ကျောက်ဆည် ‌ဇူလိုင် ၇

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားဆိုသည်မှာ ကလေးဘဝ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့် အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများ ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေသည့် အလုပ်မျိုး သို့မဟုတ် ၎င်းတို့ ပညာသင်ကြားရေးကို ထိခိုက် နစ်နာစေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှ ထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသော အလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်ရခြင်းများကိုဆိုလိုကြောင်း ကလေးအလုပ်သမားပပျောက်စေရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်နှင့် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက အသက် (၁၆)နှစ်မပြည့်သေးသူကို သတ်မှတ် အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့် သေးသည့်သူကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ခြင်း၊ အသက်(၁၈) မပြည့် သေးသူများအား အန္တရာယ်ရှိသော အလုပ်များတွင် အလုပ်လုပ်ခွင့် မပြုရကြောင်း အသိပညာပေးဟောပြောခဲ့သည်။

အသိပညာပေးဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်များအား စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)