တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင် ဗိုဗီနမ်အားကစားအဖွဲ့နှင့် ဖူဆယ်အားကစားသမားများအား တွေ့ဆုံ

ထားဝယ်    ဇူလိုင်

ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများသို့သွား ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး ဗိုဗီနမ်အားကစားအဖွဲ့နှင့် ဖူဆယ်အားကစားသမားများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန်  ပြင်ဆင်ထားရှိမှုအခြေအနေအား ရှင်းလင်း တင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအား အသင်းအုပ်ချုပ်သူများက ဦးဆောင်၍ ခေါ်ဆောင်သွားမှာဖြစ်သည့်အတွက်  အသင်းမှာပါဝင်သော အားကစားများအနေဖြင့် အသင်းအုပ်ချုပ်သူများအား မိဘအရင်းသဖွယ် သဘောထားပြီး အခက်အခဲများရှိပါက တင်ပြပေးကြရန်လိုအပ်ကြောင်း၊ သွားရောက်သည့်အခါတွင် နေထိုင်/အစားအသောက်/ကျန်းမာရေး အထူးဂရု စိုက်ကြရန်လိုအပ်ကြောင်း၊  အားကစားသမားများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု မြို့နယ်(၁၀) မြို့နယ်မှ စေလွှတ်လိုက်သည့် အားကစားသမားဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်ပြီး အောင်မြင်စွာဖြင့် ဆုတံဆိပ်များရရှိ ဆွတ်ခူးနိုင်ပါစေကြောင်း အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအားကစားအဖွဲ့များသို့ အားကစားဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)