ဘုတ်ပြင်းမြို့ အ.လ.က(ခွဲ)ကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက်က အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ခဲမိုင်းကျေးရွာ အ.လ.က (ခွဲ) သဲစုပ်စက်မိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များဘက်စုံဖွံ့ဖြိုးပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက်သယ်ပိုးထမ်းရွက် ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစပြီး ဗလငါးတန်နှင့်ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင်အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြ စေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်းပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်စိုးမိုးက လူငယ်များအနေဖြင့်ကျောင်းပညာရေးအပြင်အားကစားကဏ္ဍအထူးလေ့လာလိုက်စားစေလိုကြောင်း၊ လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲများကျင်းပ ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက်သာမက မြို့နယ်အတွက် ထူးချွန်တဲ့အမျိုးသမီးအားကစားသမားများ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောကျော်စိုးမိုးက အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)