ဘားအံ ဇူလိုင် ၆
ဘားအံမြို့နယ်၊ ဘားကပ်ကျေးရွာ၊ ဘားကပ်ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီကအဆိုပါဈေးတည်နေရာ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုဖွင့်လှစ်သည့် ဘားကပ်ဈေးသည် ဘားအံမြို့နယ်အတွင်းရှိ ဘားအံမြို့နှင့်တစ်ဖက်ကမ်း သံလွင်မြစ်ကူးတံတား လက်ဝဲဘက်တွင်တည်ရှိပြီး ဘားကပ်ကျေးရွာ၊ လင်းနို့ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူတို့နှင့်တစ်ဆက်တည်း တည်ရှိနေသောဒေသတစ်ခုဖြစ်ကြောင်း၊ ဘားကပ်ကျေးရွာသည် တောတောင်ရေမြေသဘာဝ သယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး ရာသီဥတုမျှတ၍ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသည့် ကျေးရွာလည်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး အလုပ်အကိုင်အခွင့်အလမ်းနှင့် ဒေသတွင်း ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဘားကပ်ဈေးသစ်ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေလွယ်ကူစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့မှ ဈေးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဘားကပ်ဈေးသစ်ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းအား စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပြီးနောက် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူကဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများထံပေးအပ်၍ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာ ဒုံးယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဈေးသစ်အတွင်း ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယနေ့ဖွင့်လှစ်သော ဘားကပ်ဈေးသစ်မှာ Steel Structure ဈေးရုံသစ် (၁၂၀ပေx၄၀ပေx၁၃ပေ) (၁)ရုံ၊ အုတ်သံပန်းဈေးခြံစည်းရိုးလုပ်ငန်း (၅၉၅ပေx၆ပေ)၊ ကျောက်စီမြေဖို့ခြင်းလုပ်ငန်း (၆၄၀ပေx ၂ပေx၂ပေ)၊ (၆)ခန်းတွဲ သန့်စင်ခန်း (၁)လုံး၊ (၄) လက်မစက်ရေတွင်း (၁)တွင်း၊ ဂါလန်(၅၀၀၀)ဆံ့ ရေကန်နှင့် ဂါလန် (၁၆၀၀)ဆန့် စင်မြင့်ရေစင်(၁)လုံး၊ မီးသတ်ရေငုတ်နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ၊ ပျံကျဈေးနေရာ(၁၂၀ပေx၃၆ပေ)၊ ဆိုင်ကယ်ရပ်နားရန်နေရာ (၁၆၀ပေx၁၂ပေ)၊ ကွန်ကရစ် လျှောက်လမ်းနေရာ (၄၈၀ပေx၈ပေ)၊ ဈေးရုံပတ်လည်ရေမြောင်းလုပ်ငန်း (၅၀၀ပေx၁.၆ပေx၁ပေ)တို့ကို ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ၈-၅-၂၀၂၃ ရက်နေ့တွင် စတင်လုပ်ငန်းဆောင်ရွက်ခဲ့ပြီး ယနေ့ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အတူ ဘားအံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ဒုတိယပညာသင်ကာလ) ဘာသာရပ် ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းက ဘားအံတက္ကသိုလ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ ဘားအံတက္ကသိုလ် ဘာသာရပ်အလိုက် (အမျိုးသား) (၁၀)သင်း အားကစား သမား(၁၀၂)ဦးနှင့် (အမျိုးသမီး) (၈) သင်း၊ အားကစားသမား (၈၀)ဦးတို့ဖြင့် ဇွန်လ ၂၆ ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ပထဝီဝင်ဘာသာရပ် (အမျိုးသား)အသင်းနှင့် ရူပဗေဒ ဘာသာရပ်(အမျိုးသား)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုအား ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဘားအံတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက တစ်ခဲနက်ကြည့်ရှုအားပေးခဲ့ပြီး ဗိုလ်လုပွဲတွင် ပထဝီဝင်ဘာသာရပ်(အမျိုးသား)အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲအားဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အားဖြည့်ကူညီပေးခဲ့သည့်ဒိုင်အဖွဲ့အား ဘားအံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်မှ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်းနှင့် တတိယဆုရရှိသော သတ္တဗေဒဘာသာရပ် (အမျိုးသမီး) အသင်းအား ဘားအံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်မှလည်းကောင်း၊ ဒုတိယဆုရရှိသော သမိုင်းဘာသာရပ်အသင်းအား တိုင်းရင်းသား ရေးရာဝန်ကြီးမှလည်းကောင်း၊ ပထမဆုရရှိသော ပထဝီဝင်ဘာသာရပ်အသင်းအား ပြည်နယ်ဥပဒေချုပ်မှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး (အမျိုးသမီး) အားကစားသမားဆုအား သယံဇာတရေးရာ ဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းလည်ဆွဲဆုနှင့် ဆုကလပ်များပေးအပ်ချီးမြှင့်၍ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်က ပထမဆုရရှိသော ပထဝီဝင်ဘာသာရပ် (အမျိုးသမီး) ဘော်လီဘောအသင်းအား တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ တတိယဆုရရှိသော ဘူမိဗေဒဘာသာရပ် (အမျိုးသား)အသင်း၊ ဒုတိယဆုရရှိသော ရူပဗေဒဘာသာရပ်အသင်းတို့အား ဘားအံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခချုပ်တို့မှလည်းကောင်း၊ ပထမဆုရရှိသော ပထဝီဝင်ဘာသာရပ် အသင်းအားလူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသားအားက စားသမားဆုအား စီးပွားရေးရာဝန်ကြီးမှလည်းကောင်း ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပထမဆုရရှိသော ပထဝီဝင်ဘာသာရပ် (အမျိုးသား)အသင်းအား တံခွန်စိုက် ဆုဖလားပေးအပ်ချီးမြှင့်ပြီး အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ဆက်)