ပုဏ္ဏားကျွန်း ဇူလိုင် ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ ညနေ(၄)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ပန်းပျိုးလက် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပန်းပျိုးလက်ကိုယ်ပိုင် အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးမောင်တင်က အဖွင့်အမှာစကား ပြောကြားပြီး ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆွေ က “လူငယ်နှင့်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် လူငယ်များ၏ စိတ်ဓာတ်ခိုင်မာမှသာ မိမိတို့ လိုချင်တဲ့ပန်းတိုင်း လျှောက်လှမ်း နိုင်မှာဖြစ်ပြီး ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာ၍ ပြည်သူ့အကျိုး၊ မိမိတို့ ရပ်ရွာအကျိုးတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စိတ်ဓာတ်မခိုင်မာပါက လိုချင်သော ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မဟုတ်ကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ သည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးခင်မောင်ဌးက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းသား၊ လူငယ်တို့က မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်အားကစားမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ အားကစား သမားတစ်ဦးက ကိုယ်ကာယကြံ့ခိုင်မှုတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)